အာဆီယံအထူးသံတမန်နဲ့နိုင်ငံရေးပါတီတစ်ချို့တွေ့ဆုံပွဲ ပျက်

အာဆီယံအထူးသံတမန်နဲ့နိုင်ငံရေးပါတီတစ်ချို့တွေ့ဆုံပွဲ ပျက်

အာဆီယံအထူးသံတမန်နဲ့ တွေ့မှာဆိုတဲ့ ဂုဏ်ယူဝံ့ကြွားတင်နေတဲ့ ပါတီတွေရဲ့ ရေးသားမှုတွေ တွေ့တဲ့အခါမှာ မြန်မာနိုင်ငံကို အာဆီယံအထူးသံတမန် ရောက်နေတာ ဟုတ်ရဲ့လားလို့ မေးခွန်း ထွက်ပါတယ်။ နောက်တစ်ချက်က တွေ့ရမယ့်သူတွေနဲ့ တွေ့ပေးမှာ ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းလဲ ထွက်ပါတယ်။ သိပ်မကြာလိုက်ပါဘူး။ တွေ့ဆုံပွဲပျက်သွားတယ်ဆိုတဲ့အကြောင်းတွေကြားလာရပါတယ်။

အာဆီယံအထူးသံတမန် နဲ့ ကြံ့ခိုင်ရေးပါတီအပါအဝင် သူတို့ရဲ့ အပေါင်းပါ ပါတီ ၈ ခုတွေ့ဆုံဖို့ရှိတယ်ဆိုပြီးပြင်ဆင်နေချိန်မှာ အဲဒီပါတီကသူတွေကပဲ တွေ့ဆုံမှုပျက်သွားပြီလို့ထုတ်ပြောလာပါတယ်။

တစ်ချို့သတင်းအရင်းမြစ်တွေကတော့ တွေ့ဆုံပွဲကို မနက်ဖြန်ကို ရွေ့ဆိုင်းလိုက်တယ်လိုပြောဆိုပေမယ့်လည်း သေချာအောင် စုံစမ်းနေဆဲပါ။

Channel News Asia သတင်းထောက်ကတော့ အာဆီယံအထူးသံတမန်ဟာ မြန်မာနိုင်ငံကို ရောက်ရှိခြင်းမရှိသေးဘူးလို့ သံတမန် အသိုင်းအဝိုင်းကိုမေးပြီး သိထားတာကို ရေးသားထားတာတွေ့တယ်။ 

အာဆီယံအထူးသံတမန် မြန်မာနိုင်ငံရောက်လာခဲ့ရင်တောင် သက်ဆိုင်ရာအသီးသီးက ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ခက်ခဲနိုင်ပါတယ်။ အာဏာအလုခံလိုက်ရတဲ့ လူထုရွေးထားထားတဲ့ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဖို့ဆိုတာကလည်း မရေရာပါဘူး ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။

ဒါဆို အာဏာသိမ်းစစ်ကောင်စီက အာဆီယံအထူးသံတမန်ကို မြန်မာနိုင်ငံကို လာခွင့်ပေးပြီး ဘာတွေကို ပြချင်တာလဲ။

အာဆီယံအထူးသံတမန်ကရော ဘယ်သူတွေနဲ့တွေ့ပြီး ဘာတွေကို အာဆီယံခေါင်းဆောင်တွေကို ပြန်တင်ပြမလဲ။



Comments