ဦးစီးတာဝန်

                                ဦးစီးတာဝန် 

Major48

၁။ စစ်ဦးစီးဌာန

(၁) စစ်ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး) သည် ကြည်း၊ ‌ရေ၊ လေတပ်မတော်တစ်ခုလုံးကို စီမံကွပ်ကဲသည်။

(၂) ဒုတိယ စစ်ဦးစီးချုပ် (ဗိုလ်ချုပ်ကြီး) သည် စစ်ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး) ၏အောက်တွင် ကြည်း၊ ‌ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ကြည်း၊ ‌ရေ၊ လေ တပ်မတော်တစ်ခုလုံးကို စီမံကွပ်ကဲသည်။  ဒုတိယ စစ်ဦးစီးချုပ်သည် ကြည်းတပ် ဦးစီးချုပ် အဖြစ်လည်း ပူးတွဲတာ၀န် ထမ်းဆောင်သည်။

(၃) ကြည်းတပ် ဦးစီးချုပ်သည် အမြောက်၊ သံချပ်ကာတပ်များအပါအ၀င် ကြည်းတပ်များအားလုံးကို စီမံကွပ်ကဲသည်။

(၄)  ရေတပ် ဦးစီးချုပ်သည် ရေတပ် သင်္ဘောအုပ်စုများ၊ ‌ရေတပ်စခန်းဌာနချုပ်များကို စီမံကွပ်ကဲသည်။

(၅) လေတပ် ဦးစီးချုပ်သည် လေတပ်စခန်းဌာနချုပ်များကို စီမံကွပ်ကဲသည်။

(၆) လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့အရာရှိချုပ်သည် လေကြောင်းရန်ကာကွယ်ရေးတပ်များ၊ ဒုံးပျံတပ်များ၊  လေယာဉ်ပစ်အမြာက်တပ်များ၊ ရေဒါတပ်များ၊ လေကာသတိ‌ပေး / ဆက်သွယ်ရေး / ယန္တရား / အလုပ်ရုံတပ်များကို စီမံကွပ်ကဲသည်။

(၇) တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်၏အောက်တွင် တပ်စစ်ဆေးရေးအဖွဲ့နှင့် ‌ငွေစာရင်းထိန်းသိမ်းစစ်‌ဆေးရေးအဖွဲ့ (CMA) တို့ကိုထားရှိသည်။  တပ်စစ်ဆေးရေးအဖွဲ့သည် တပ်ရေးတပ်ရာကိစ္စများ၊ စစ်စည်းကမ်းဥပ‌ဒေများ၊ တပ်သာယာစည်ပင်ရေးလုပ်ငန်းများအား စစ်ဆေး၍ ငွေစာရင်းရုံး(CMA) က တပ်များ၏‌ငွေစာရင်းများကို နယ်လှည့်၍ စစ်ဆေးတင်ပြရသည်။ 


(၈) စစ်ရာထူးခန့်ချုပ်သည် အရာရှိငယ်မှ စစ်ဦးစီးချုပ်အထိ ရာထူးခန့်အပ်ခြင်းနှင့် တပ်ဖွဲ့နေရာချထားခြင်းများ၊ ပြောင်းရွှေ့ခြင်းများအတွက် အရည်အချင်းနှင့် ကိုယ်ရေးရာဇ၀င်များ မှတ်တမ်းတင်စီမံပေးခြင်း၊ နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေး၀န်ကြီးတို့၏ ခွင့်ပြုမိန့်ဖြင့် ရာထူးခန့်အပ်မိန့်များ ထုတ်ပြန်ပေးခြင်းတို့ကို ဆောင်ရွက်သည်။

(၉) စစ်ဥပဒေချုပ်သည်  စစ်ဥပဒေရေးဆွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ထုတ်ပြန်ကြေညာခြင်း၊ ပညာပေးခြင်းနှင့် စစ်တရားရုံးများဖွဲ့စည်းခြင်း၊ စီရင်ချက်ချမှတ်ရန် စစ်ခုံရုံးဥက္ကဌများသို့ အကြံဥာဏ်ပေးခြင်း စသည်တို့ကိုဆောင်ရွက်သည်။  အရာရှိ၊ စစ်သည်များ စစ်စည်းကမ်းဥပဒေများဖောက်ဖျက်ကျူးလွန်မှုမရှိစေရေးအတွက် အထူးအရေးပါသောဌာနဖြစ်သည်။

(၁၀) စစ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်သည် စစ်လက်နက်ပစ္စည်း၊ ခဲယမ်းမီးကျောက်၊ စစ်သုံးယာဥ်၊ ယာဥ်အပိုပစ္စည်းများနှင့် အခြားစစ်သုံးပစ္စည်းကိရိယာတန်ဆာပလာများအားလုံး ထုတ်လုပ်ပေး‌ရေးတာဝန်များအားဆောင်ရွက်သည်။ 

(၁၁) ထောက်လှမ်းရေးအရာရှိချုပ်သည် ရန်သူ့တပ်များ၏ လှုပ်ရှားမှုသတင်းအချက်အလက်များ၊ မိမိတပ်တွင်း အရာရှိ၊ စစ်သည်များ၏ သတင်းအချက်အလက်များ၊ နိုင်ငံ‌ရေးအဖွဲ့အစည်းများ၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းရန် တာဝန်ယူဆောင်ရွက်သည်။

(၁၂) လေ့ကျင့်ရေးအရာရှိချုပ်သည် အရာရှိ၊ စစ်သည်များအား အခြေခံစစ်ပညာနှင့် တိုက်ခိုက်ရေးပညာများ၊ စစ်နည်းဗျူဟာများနှင့် မဟာဗျူဟာများကို စနစ်တကျလေ့ကျင့်သင်ကြား‌‌ပေးခြင်းကို ဆောင်ရွက်သည်။  တပ်သားသစ်မှစ၍ အကြပ်ငယ်၊ အကြပ်ကြီး၊ အရာခံဗိုလ်သင်တန်းများ၊ အရာရှိများအတွက် ဗိုလ်သင်တန်းကျောင်းမှစ၍ စုမှူး၊ ခွဲမှူး၊ ရင်းမှူး၊ စစ်ဦးစီးတက္ကသိုလ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် အဆင့်အထိ စစ်ကျောင်းများဖွင့်လှစ်၍သင်ကြားသည်။

(၁၃) စစ်ဦးစီးဗိုလ်မှူးချုပ်သည် စစ်ဦးစီးချုပ်ရုံးတွင် စစ်ရုံးစခန်းဝင်းလုံခြုံရေးနှင့် ဦးစီးချုပ်ကိုယ်စား တပ်များရွှေ့ပြောင်းနေရာချထားခြင်းနှင့် စစ်ဆင်ရေးအမိန့်များကို သက်ဆိုင်ရာ တိုင်းမှူး၊ တပ်မမှူးများထံသို့ တိုက်ရိုက်ညွှန်ကြားကွပ်ကဲခြင်း၊ သက်ဆိုင်ရာ တိုင်းမှူး၊ တပ်မမှူးများမှ တင်ပြလာသော အကြောင်းအရာများကို စစ်ဦးစီးချုပ်ထံသို့ တဆင့်ပြန်လည်တင်ပြပေးခြင်းတာဝန်များကို ဆောင်ရွက်သည်။  

(၁၄) ပြန်ကြားရေး၊ ပြည်သူ့ဆက်ဆံ‌ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးသည် တပ်မတော်၏လုပ်ဆောင်ချက်များကို ပြည်သူသို့ ပြန်ကြားအသိပေးရန်၊ ပြည်သူလူထုနှင့် ဆက်ဆံရေးပြေလည်စေရန်၊ မိမိစစ်သည်များစိတ်ဓာတ်တက်ကြွစေရန် စည်းရုံးနှိုးဆော်ခြင်း၊ ရန်သူ့တပ်များစိတ်ဓာတ်ကျဆင်းစေရန် လှုံ့ဆော်၀ါဒဖြန့်ခြင်းများကို ဆောင်ရွက်သည်။ တိုင်းချစ်ပြည်ချစ်စိတ်နှင့် နိုင်ငံရေးတွင်နိုးကြားတက်ကြွမှုရှိစေရန် စည်းရုံးလှုံ့ဆော်ခြင်းများကိုလည်းဆောင်ရွက်သည်။  

(၁၅) ဆက်သွယ်ရေးညွှန်ကြား‌ရေးမှူးရုံးသည် တပ်မတော်တွင်ကွပ်ကဲခြင်း (Command)၊ ကြီးကြပ်ခြင်း (Control)၊ ဆက်သွယ်ခြင်း (Communication)၊ ကွန်ပျူတာ (Computer)၊ သတင်းရယူခြင်း (Intelligence)၊ ပူးပေါင်းဆောင်ရွက်ခြင်း (Coordination) ဟူ၍ရှိရာ ကွပ်ကဲခြင်းနှင့် ကြီးကြပ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် မရှိမဖြစ်လိုအပ်သည်။ 

ဆက်သွယ်ရေးတပ်ဖွဲ့များ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။ 

(က) ရေဒီယိုအဆက်အသွယ်၊ 

(ခ) ကြိုးလိုင်းအဆက်အသွယ်၊ 

(ဂ) ဆက်သား / ချောအဆက်အသွယ်၊ 

(ဃ) အင်တာနက် / အိုင်တီ (IT) နည်းပညာသုံးအဆက်အသွယ်။

၂။ စစ်ရေးဌာန / စစ်ရေးချုပ်ရုံး

စစ်ရေးချုပ်သည် စစ်ဆင်ရေးနှင့် တိုက်ရိုက် မသက်ဆိုင်သော တပ်ရေး၊ တပ်ရာကိစ္စများကို စီမံဆောင်ရွက်သည်။ 

စစ်ရေးချုပ်ရုံး၏ အဓိကလုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။

 (က) ဖွဲ့စည်းရေး၊ ပြောင်းရွှေ့ရေး၊ အဆင့်တိုးမြှင့်ရေး၊ ဆေးကုသရေး၊ တပ်စစ်ဆေးရေး၊ အုပ်ချုပ်ရေး၊

 (ခ) ရသုံးမှန်းခြေ (လစာနှင့် စရိတ်)၊ တပ်ဆောင်‌ငွေ၊ တပ်ရံပုံ‌ငွေများ၊

 (ဂ) စစ်စည်းကမ်းထိန်းသိမ်းရေး၊ တရားဥပ‌ဒေနှင့် မှတ်တမ်းပြုစုရေး၊

 (ဃ) အငြိမ်းစားလစာ၊ ဆုကြေးနှင့် စစ်မှုထမ်းဟောင်း ကိစ္စရပ်များ၊

 (င) ဘွဲ့ထူး၊ ဂုဏ်ထူး‌ပေးခြင်း၊ သက်သာချောင်ချိရေး၊ အားကစားနှင့် အခမ်းအနားကျင်းပခြင်းများ။

(၁) ဆေးတပ်ဖွဲ့များညွှန်ကြားရေးမှူးရုံးသည် တပ်မတော်အတွင်းရှိ အရာရှိ၊ စစ်သည်၊ မှီခိုများအားလုံး၏ ကျန်းမာ‌ရေး‌‌စောင့်ရှောက်မှု၊ အသိပညာဖြန့်ဝေပေးခြင်း၊ ‌ရောဂါကာကွယ်ခြင်း၊ ကုသခြင်းနှင့် စစ်မြေပြင်တွင် ဒဏ်ရာရရှိသူများအား အ‌ရေးပေါ်ကယ်ဆယ်ကုသ၍ နောက်တန်းဆေးရုံများသို့ ပြန်လည်ပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်သည်။

(၂)  တပ်ထိန်းချုပ်ရုံးသည် အရာရှိ၊ စစ်သည်များအား စစ်စည်းကမ်းဥပဒေနှင့်အညီ နေထိုင်တတ်စေရေး၊ စစ်စည်းကမ်းဖောက်ဖျက်မှုမရှိစေရေးတို့အတွက် စောင့်ကြည့်စစ်ဆေးခြင်း၊ ဖမ်းဆီးအရေးယူခြင်းတို့ကို စစ်ဥပဒေချုပ်ရုံးမှချမှတ်ထားသော ဥပဒေစည်းကမ်းများနှင့်အညီ ဆောင်ရွက်သည်။  ပြစ်မှုကျူးလွန်သူ အရာရှိ၊ စစ်သည်များကို ဖမ်းဆီး၍ တိုင်းစစ်ဌာနချုပ်သို့တင်ပြပြီး ပြစ်မှုကျူးလွန်သူအား အရေးယူနိုင်စေရန် သက်ဆိုင်ရာတပ်ရင်း၊ တပ်ဖွဲ့သို့ လွှဲအပ်ပေးရသည်။  အရာရှိ၊ စစ်သည်များ စစ်စည်းကမ်းနှင့်အညီ သွားလာနေထိုင်ရေးအတွက် ထိန်းသိမ်းပေးရန် အဓိကကျ အရေးပါသောဌာနဖြစ်သည်။

(၃)  တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးသည် စစ်သားစုဆောင်းရေးနှင့် တပ်မတော်အင်အားဖြည့်တင်းရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သည်။

(၄) တပ်မတော်မှတ်တမ်းရုံးသည် အရာရှိ၊ စစ်သည်များအားလုံး စတင်တာ၀န်ထမ်းဆောင်ချိန်မှ အငြိမ်းစားယူချိန်အထိ  ၎င်းတို့၏ ကိုယ်ရေးရာဇဝင်အချက်အလက်များကို မှတ်တမ်းပြုစုထားရှိပြီး စစ်ရေးချုပ်ရုံးနှင့် စစ်ရာထူးခန့်ချုပ်ရုံး သို့တင်ပြသည်။  

(၅) စည်းမျဥ်းဥပဒေပြုစုရေးနှင့် ထုတ်ပြန်ရေးဌာနသည် အမြဲတမ်းလိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများနှင့် အခြေအနေ အချိန်အခါအပေါ်လိုက်၍ လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းများကို ပြုစု၍ ထုတ်ပြန်ပေးခြင်းတာဝန်များကို ဆောင်ရွက်သည်။

၃။ စစ်ထောက်ဌာန / စစ်ထောက်ချုပ်ရုံး

စစ်ထောက်ချုပ်ရုံး၏ အဓိကလုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်။

 (က) စီမံခန့်ခွဲရေး၊

(ခ) ဖြည့်တင်းထိန်းသိမ်းရေးနှင့် ရွှေ့ပြောင်း‌ရေး၊

(ဂ) စက်ရုံစီမံကိန်းများနှင့် တပ်မတော်ပစ္စည်းထုခွဲ‌ရောင်းချခြင်း၊

(ဃ) တပ်တည်ဆောက်‌ရေး၊ လုပ်ငန်းစစ်ဆေးရေး၊ လုပ်ငန်းစီမံရေး၊ အရည်အသွေးထိန်းသိမ်းရေး၊    စာရင်းအင်းထိန်းသိမ်းရေး၊

(င) တပ်မြေထိန်းသိမ်းရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ စစ်မြေပြင်အင်ဂျင်နီယာလုပ်ငန်းများ၊ 

(စ) စစ်ဝတ်၊ ရိက္ခာ၊ ပရိ‌ဘောဂ၊ ထောက်ပံ့‌ရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊

(ဆ) မော်တော်ယာဥ်ပြင်နှင့် စစ်လက်နက်ပြင်လုပ်ငန်းများ၊

(ဇ) စစ်လက်နက်ပစ္စည်းများ ဝယ်ယူခြင်း၊ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ ထုတ်ပေးခြင်း၊ စစ်ဆေးခြင်းလုပ်ငန်းများ၊

(ဈ) ကာကွယ်ရေးဘတ်ဂျတ်နှင့် ရသုံး‌ငွေဆိုင်ရာလုပ်ငန်းများ။

(၁) စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ အဓိကတာဝန်ကြီးသုံးရပ်မှာ နေထိုင်နိုင်ရန် (To Live)၊ ရွှေ့လျားနိုင်ရန် (To Move)၊ တိုက်ခိုက်နိုင်ရန် (To Fight) ဟူ၍ဖြစ်သည်။  စစ်မြေပြင်အင်ဂျင်နီယာတပ်များ၊ ယန္တရားတပ်များက လမ်းဖောက်ခြင်း၊ ဘန်ကာ၊ သံဆူးကြိုးအကာအရံများပြုလုပ်ခြင်း၊ ၎င်းတို့အားဖျက်ဆီးဖောက်ခွဲခြင်း၊ မိုင်းစစ်ဆင်ခြင်း၊ ‌ရေပြင်ဖြတ်ကျော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။  ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်များက လူနေအဆောက်အဦးများ၊ အုပ်ချုပ်မှုရုံးများ၊ စစ်ကျောင်းများတည်‌ဆောက်ခြင်း၊ လမ်းခင်းခြင်းနှင့် မီး၊ ရေ ဆက်သွယ်‌‌ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။  ပစ္စည်းထိန်းအင်ဂျင်နီယာတပ်မှ မိုင်းနှင့် စက်ယန္တရားများစုဆောင်းထိန်းသိမ်းခြင်း၊ ထုတ်‌ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။

(၂) ထောက်ပံ့နှင့် ပို့ဆောင်‌ရေးတပ်ဖွဲ့သည် စစ်ရိက္ခာ၊ စက်သုံးဆီများ ဝယ်ယူစုဆောင်း၍ ပြန်လည်ဖြန့်ဝေထုတ်ပေးခြင်း၊ စစ်မော်တော်ယာဥ်များထိန်းသိမ်းထားရှိခြင်း၊ ရိက္ခာများ၊ စစ်လက်နက်များ၊ စစ်သည်များအား တစ်နေရာမှ တစ်‌နေရာသို့ သယ်ယူပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်သည်။

(၃) လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ဖွဲ့သည် စစ်လက်နက်များ၊ ဆက်သွယ်‌‌ရေးစက်နှင့် အခြားလျှပ်စစ်ပစ္စည်းကိရိယာများ၊ မော်တော်ယာဥ်၊ သံချပ်ကာနှင့် အခြားစစ်သုံးယာဥ်အမျိုးမျိုး၏ စက်ပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာပျက်စီးမှုများအား စစ်ဆေးခြင်း၊ ပြုပြင်ခြင်း၊ အပိုပစ္စည်းထုတ်ပေးခြင်းတို့ကို ဆောင်ရွက်သည်။

(၄) စစ်လက်နက်ပစ္စည်းတပ်ဖွဲ့သည် လက်နက်ငယ်မှ အမြောက်ကြီးများအထိ စစ်လက်နက်ကိရိယာအားလုံး၊ ခဲယမ်းမီးကျောက်များ၊ စစ်ဝတ်တန်ဆာပလာ၊ တာယာ၊ စက္ကူ၊ မိုးကာနှင့် အခြားအုပ်ချုပ်မှုအထောက်အကူပြုပစ္စည်းများ ဝယ်ယူခြင်း၊ ထုတ်လုပ်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြန်လည်ဖြန့်ဝေထုတ်ပေးခြင်းတို့ကို ဆောင်ရွက်သည်။  စစ်လက်နက်ပစ္စည်းတပ်များနှင့် ခဲယမ်းမီးကျောက်တပ်များကိုလည်း သီးခြားထားရှိသည်။  တပ်မတော်တွင် အရေးအကြီးဆုံး ကာကွယ်စောင့်ရှောက်ရသည့် တပ်ဖွဲ့များနှင့် သိုလှောင်ရုံများဖြစ်သည်။

 


Comments